Friday, April 1, 2016

"Business Proposal ရေးနည်း"














" Business Proposal ရေးနည်း "
လုပ်ငန်းသစ် တစ်ခု မစတင်ခင်မှာ အဲဒီလုပ်ငန်းရဲ့ ဖြစ်နိုင်ချေ တွေကို စီကာ စဉ်ကာ စဉ်းစားတွက်ချက်ပြီးချ ရေးလေ့ရှိပါတယ်..။ အဲဒါကိုပဲ Feasibility Study လို့ ခေါ်ကြပါတယ်..။ အဲဒီလို ဖြစ်နိုင်ချေတွေကို ရှာဖွေလေ့လာပြီးရင် Business Plan ကို စီစဉ်ရေးဆွဲရပါတယ်..။
အရင်းအနှီး ဘယ်လောက် စိုက်ထုတ်ပြီး ဘယ်လို အလုပ်လုပ်လိုက်ရင် ဘယ်အချိန်မှာ ဘယ်လောက်မြတ်မယ် ဆိုတဲ့ အစီအစဉ် ကို စီကာပတ်ကုန်း ရေးပြရတာပါ..။ အဲဒါဟာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ အဓိက အခရာပါပဲ..။ အသစ်စ လုပ်မယ့် လုပ်ငန်း တခုဟာ ရှုံးမယ် မြတ်မယ် မသိပဲနဲ့ ရင်းနှီးမြှုပ်နှံမယ့်သူကို စိတ်ဝင်စား (စိတ်လှုပ်ရှား) အောင် ဖြစ်နိုင်ချေတွေ တခုပြီးတခု ချပြပြီး စည်းရုံးရတာပါ..။ Business Plan ကောင်းရင် ကောင်းသလောက် ရင်းနှီးမြှုပ်နှံ လိုသူတွေ ရလာနိုင်ပါတယ်.။
စီးပွားရေး သမား လုပ်ငန်းရှင်တွေကလည်း သူတို့ ဘယ်လောက်ရင်းပြီး ဘယ်လောက်ကြာရင် ဘယ်လောက်မြတ်မလဲ ဆိုတာကိုပဲ စိတ်ဝင်စားပါတယ်..။ ဒါဟာ ကမ္ဘာ့ နိယမ ပါ..။ ရှုံး လိမ့်မယ် လို့ ရေးထားတဲ့ Business Plan ကို ဘယ်သူက စိတ်ဝင်စားမှာတုန်းဗျာ..။ စိတ်ဝင်စား ပါတယ် ဆိုတဲ့သူဟာလဲ ရူးသွပ်သူ ပဲ ဖြစ်မှာပါ.။
Business Plan ရေးတဲ့အခါမှာ ဆရာ့ဆရာတွေရဲ့ မှာကြားချက်ကတော့ .. အပြု သဘောဆောင်တဲ့ ရှုဒေါင့်ကနေ ရေးပါ လို့ မှာကြပါတယ်..။ ချက်ချင်းလက်ငင်း မမြတ်နိုင်မယ့် ကိစ္စမျိုး. . ရေရှည် ရင်းနှီးမြှုပ်နှံရမယ့် ကိစ္စမျိုး မှာ အမြတ်များများ ပြပါ လို့လဲ မှာပါတယ်..။ Casualty ကို နည်းနိုင်သမျှ နည်းအောင်ပြပါ ဆိုတာလဲ မှာတတ်ပါတယ်..။
အဲဒီ Plan မျိုး ကို ဥပမာ တစ်ခုလောက်ပြပါဆိုရင် .. အလုပ်သစ် တခု စ လုပ်တဲ့ အခါ ၆၀% ကတော့ ရှုံး မှာပါ လို့ ပြောရင် ဘယ်လုပ်ငန်းရှင်ကမှ မကြိုက်ပါဘူး..။ ဟုတ်တယ်လေ.. ရှုံးမှာသေချာနေတဲ့ အလုပ်အသစ် တခုကို ဘယ်သူက အမိုက်ခံပြီး ရင်းချင်ပါ့မလဲ.။ ဒါပေမယ့် Business Plan ရေးတဲ့သူက ၄၀% မြတ်နိုင်ချေရှိတယ် ဆိုရင် လုပ်ငန်းရှင်က သဘောကျပါတယ်..။ တကယ်တော့ အဖြေဟာ အတူတူပါပဲ..။
တိုက်ပွဲ တစ်ပွဲမှာ တပ်မှူးက ရန်သူ့နယ်မြေထဲမှာ ပိတ်မိနေတဲ့ အခြေအနေကနေ ဖောက်ထွက်ဖို့ သူ့လက်အောက်က အရာရှိကို လမ်းကြောင်းရှာခိုင်းတယ်..။ လမ်းကြောင်း ရှာတဲ့ အရာရှိက ဖေါက်ထွက်နိုင်မယ့် အခြေအနေကို ကြည့်ပြီး ၆၀% အသေအပျောက် ရှိနိုင်တယ် လို့ သတင်းပို့လိုက်တယ်..။ တပ်မှူးက သူ့ Proposal ကို ချက်ချင်း ပယ်ချပြီး နောက်တကြောင်း ရှာဖို့ ပြောတယ်..။ သူ့မှာလဲ နောက်ထပ် ရွေးစရာ လမ်းမရှိဘူး.. ဒီတလမ်းပဲ ရှိတာ..။ ဒါနဲ့ပဲ သူ့ Proposal ကို ပြောင်းရေးပြီး တင်လိုက်တယ်..။ ၄၀% လွတ်မြောက်ရှင်သန်ဖို့ အခွင့်အလမ်းရှိတယ်..။ တပ်မှူးက အဲဒီ ဒုတိယ Proposal ကို ရွေးလိုက်တယ်..။ ကဲ..။ ဘာများကွာလို့လဲ.. ပထမတစ်ခုက ၆၀% သေမယ် ...။ နောက်တစ်ခုက ၄၀% ရှင်မယ်..။ အတူတူပဲလေ..၊
ဒါပေမယ့် လူ့သဘော သဘာဝအရ အရှုံးကို သိသော်လည်း လက်မခံချင်ဘူး.. ။ ဒါကြောင့်မို့ Proposal တခုတင်တော့မယ် ဆိုရင် အပြု သဘောဆောင်တဲ့ Proposal ရေးတတ်အောင် လေ့ကျင့်ထားပါ..။

Credit
Edit - TYO

No comments: