Thursday, March 31, 2016

"ခဲတံပုံပြင်"










" ခဲတံပုံပြင် "
HR အကြောင်းဆက်မပြောခင်မှာ ဖတ်ဖူးတဲ့ Pencil Story ဆိုတဲ့ပုံပြင်လေးတစ်ပုဒ် အရင်ပြောချင်ပါတယ်။ ပုံပြင်လေးကဒီလိုပါ။
ခဲတံလေးတစ်ချောင်းကို ထုတ်လုပ်ပြီး ခဲတံဘူးထဲကိုမထည့်ခင်မှာ သူ့သခင်က "ခဲတံလေးရေ မင်းကိုဒီဘူးလေးထဲမထည့်ခင် မင်းသိဖို့လိုတဲ့အချက် (၅) ချက်ကို ငါပြောပြချင်တယ်။ အဲဒီအချက် (၅) ချက်ကို မင်းသေချာမှတ်ထားပြီး လိုက်နာဆောင်ရွက်ပါ။ လုံးဝမမေ့မလျော့ဘဲ အဲဒီအချက်တွေအတိုင်း မင်းလိုက်နာသွားမယ်ဆိုရင် မင်းဟာအကောင်းဆုံးခဲတံတွေထဲကတစ်ချောင်း ဖြစ်လာလိမ့်မယ်" လို့ဆိုပါတယ်။
ပြီးတော့ သူ့သခင်က အခုလိုဆက်ပြောပါတယ်။
ပထမအချက်ကတော့ ခဲတံလေးရေ မင်းဟာလောကထဲကို ရောက်သွားတဲ့အခါ အင်မတန်မှကြီးကျယ်ခမ်းနားတဲ့ အရာတွေကို မင်းစွမ်းေ ဆာင်နိုင်မယ်ဆိုတာ ငါသံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ အဲဒီလိုစွမ်းဆောင်နိုင်ဖို့အတွက် မင်းတစ်ယောက်တည်းစွမ်းဆောင်လို့ရမှာ မဟုတ်ဘူး။ မင်းဟာတစ်စုံတစ်ယောက်သောသူရဲ့ လက်ထဲမှာရှိနေမှသာ ဖြစ်နိုင်မှာပါ။ (ခဲတံကို တစ်ယောက်ယောက်က ကိုင်းပြီးရေးမှသာ ရေးလို့ရတာပါ။)
ဒုတိယအချက်က လောကထဲကို မင်းရောက်တဲ့အခါ အချိန်အမြဲတမ်းကြုံတွေ့ရမှာက မင်းရဲ့အသားတွေကို အလွှားလိုက်လှီးထုတ်ပြီး မင်းကိုနာကျင်စေမယ့် ချွန်စက်ပဲဆိုတာ မင်းသိရမယ်။ ဒါပေမဲ့ အဲဒီချွန်စက်ကြောင့်ပဲ မင်းဟာအသုံးဝင်တဲ့ ခဲတံတစ်ချောင်းဖြစ်လာမယ်ဆိုတာ မင်းမမေ့နဲ့နော်။
တတိယအချက်တော့ မင်းပြုလုပ်ခဲ့တဲ့အမှားတွေကို မင်းရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ ပြန်လည်ပြင်ဆင်နိုင်ရမယ်။ အဲဒီလိုလုပ်နိုင်ဖို့အတွက် မင်းရဲ့ကိုယ်မှာ ခဲဖျက်ပါဝင်ပြီးသားပဲ မဟုတ်လား။
စတုတ္ထအချက်ကတော့ မင်းရဲ့အရေးအကြီးဆုံးအစိတ်အပိုင်းဟာ မင်းရဲ့အတွင်းအဇ္ဈတ္တဆိုတာ မင်းသိရမယ်။ (ခဲတံတစ်ချောင်းမှာ အရေးအကြီးဆုံးက အတွင်းဆုံးအပိုင်းမှာရှိတဲ့ ခဲသားပါ။)
ပဉ္စမအချက်ကတော့ ဘယ်လိုကြမ်းတမ်းတဲ့မျက်နှာပြင်မျိုးမှာ ရေးခြစ်ရတာပဲဖြစ်စေ မင်းရဲ့တာဝန်က မင်းအဲဒီနေရာကို ရောက်ခဲ့တယ်ဆိုတဲ့ အမှတ်အသားတစ်ခု မင်းချန်ထားခဲ့နိုင်ရမယ်။ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ မင်းငြင်းဆန်ခွင့်မရှိဘူးနော်။ မင်းရေးကိုရေးခြစ်ရမှာပဲ။
သူ့သခင်ရဲ့ စကားဆုံးသွားတဲ့အခါမှာ ခဲတံလေးက ဟုတ်ကဲ့ပါသခင်။ ကျွန်တော်မျိုးနားလည်ပါတယ်။ သခင့်စကားအတိုင်း လိုက်နာဆောင်ရွက်ပြီး သခင်ဖြစ်စေချင်တဲ့ အကောင်းဆုံးခဲတံတစ်ချောင်းဖြစ်အောင် ကြိုးစားပါမယ်လို့ ကတိပေးပြီး ခဲတံဘူးလေးထဲကို ဝင်သွားပါတယ်။
ခဲတံပုံပြင်နှင့် HR မန်နေဂျာများ
ကဲ..... အဲဒီခဲတံလေးရဲ့နေရာမှာ ကျွန်တော်တို့ HR မန်နေဂျာတွေကို အစားထိုးကြည့်ကြရအောင်။
ပထမအချက်။ ကျွန်တော်တို့တွေဟာ ဘဝမှာ ခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုတွေ အများကြီးရရှိအောင် စွမ်းဆောင်နိုင်ပေမဲ့ အဲဒီလိုအောင်မြင်မှုတွေ ရရှိနိုင်အောင် ကျွန်တော်တို့ဟာ ကိုယ်ကျင့်သိက္ခာရဲ့ ထိန်းကွပ်မှုအောက်မှာ ရှိနေဖို့လိုပါတယ်။ မူရင်းဇာတ်လမ်းမှာကတော့ (if you allow yourself to be held in God's hand) လို့ ဆိုပါတယ်။
ဒုတိယအချက်။ လုပ်ငန်းခွင်ထဲကို ရောက်သွားတဲ့အခါမှာ နောက်ကနေ ပခုံးကိုလှမ်းပုတ်ပြီး အခွင့်အရေးတွေ လက်ထဲထိုးထည့်ပေးမယ့်သူရှိမှာ မဟုတ်ပါဘူး။ သေချာတာကတော့ ကိုယ်ကလှည့်ကြည့်လိုက်တဲ့အချိန်မှာ မျက်နှာတည့်တည့်ကို လက်သီးတစ်လုံးဝင်လာတာမျိုးပဲ တွေ့ရဖို့များပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ လုပ်ငန်းရှင်တွေဘက်ကလည်း ဝန်ထမ်းတွေရဲ့ ဘက်တော်သားတစ်ယောက် ထပ်တိုးလာပါပြီ။ ကုန်ကျစရိတ်တွေ ထပ်တက်လာတော့မှာပဲလို့ စဉ်းစားတာမျိုးတွေရှိနိုင်သလို ဝန်ထမ်းတွေဘက်ကလည်း ငါတို့ကိုကြပ်မယ့်သူတစ်ယောက်တော့ တိုးလာပြန်ပြီဆိုပြီး ဆန့်ကျင်ဖို့ကြိုးစားမှုတွေ တွေ့လာရနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ ကျွန်တော်တို့ရဲ့အရည်အသွေးကို တောက်ပြောင်လာစေမယ့် ကျွန်တောတို့ကိုသွေးပေးတဲ့ ဖြစ်ရပ်တွေလို့ခံယူပြီး ကိုယ့်တာဝန်ကိုယ်ကျေအောင် ဆက်လုပ်ကြရမှာပါ။
တတိယအချက်။ နောက်တစ်ချက်အနေနဲ့ကတော့ ခုနကပြောခဲ့တဲ့ ခဲတံကလေးလိုပဲ ကျွန်တော်တို့ဟာ တစ်ချိန်ချိန်မှာအမှားတွေကို ကျူးလွန်မိကြမှာ ဓမ္မတာပါ။ ဒါပေမဲ့ အလုပ်လုပ်ရင် အမှားတွေ့ရတတ်စမြဲပါ။ အမှားတွေ့မှာကြောက်လို့ အမှားလုံးဝမရှိအောင် ဘာမှအလုပ်ဘူးဆိုရင်တောင် ဘာမှမလုပ်တဲ့အမှားတစ်ခု ကျူးလွန်မိဦးမှာပါ။ အမှားကိုတွေးကြောက်မယ့်အစား ကိုယ့်အမှားကို ဝန်ခံရဲတဲ့သတ္တိမွေးပြီး အမှန်ရောက်အောင် ပြင်ရဲတဲ့သတ္တိရှိဖို့ လိုပါတယ်။ အမှားတွေကို သင်ခန်းစာယူပြီး ပိုမိုတောက်ပြောင်တဲ့ ဘဝတစ်ခုဖန်တီးနိုင်အောင် ကြိုးစားရမှာပေါ့။
စတုတ္ထအချက်။ လေးအချက်အနေနဲ့ အရေးပါဆုံးအစိတ်အပိုင်းဟာ ကိုယ့်ရဲ့အတွင်းအဇ္ဈတ္တပဲ ဆိုတာ နားလည်ထားဖို့လိုပါတယ်။ ခဲတံမှာ ခဲသားကောင်းမှ ရေးလို့ကောင်းသလို လူတွေမှာ ပင်ကိုအရည်အချင်းရှိမှ လုပ်ငန်းတွေအောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါ။
ပဉ္စမအချက်အနေနဲ့က ဘယ်လိုအခက်အခဲမျိုးကို ကြုံတွေ့ရသည်ဖြစ်စေ ရောက်ရာနေရာမှာ မိမိတို့ရဲ့အရည်အချင်း၊ လုပ်ရည်ကိုင်ရည်ကို ပြသနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
You were made to do Great Things! ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။
အခုဖော်ပြခဲ့တဲ့ အချက် (၅) ချက်က HR Manager ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အခြေခံအချက်တွေပဲဖြစ်ပါတယ်။ ဒီ (၅) ချက် ပြည့်စုံရုံနဲ့ ပြည့်စုံလုံလောက်ပြီလို့ မဆိုလိုနိုင်ပါဘူး။
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ကိုယ်လုပ်ဆောင်ရမယ့် ဝတ္တရားတွေကို တိတိပပနားလည်သဘောပေါက်ထားဖို့ လိုအပ်တာပဲဖြစ်ပါတယ်။ HR Manager တစ်ယောက်အနေနဲ့ ကိုယ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေနဲ့ ပတ်သက်တဲ့သီအိုရီတွေကို သင်ယူတတ်မြောက်ထားဖို့ လိုအပ်သလို အဲဒီသီအိုရီတွေကို လက်တွေ့အသုံးချတတ်ဖို့လည်း လိုပါတယ်။
သီအိုရီတွေကို ကျောင်းတွေသင်တန်းတွေမှာ သင်ယူလို့ရနိုင်ပေမဲ့ အသုံးချတတ်ဖို့က ကိုယ့်ရဲ့အတွေ့အကြုံတွေက သင်ယူရမှာဖြစ်သလို ကိုယ့်ရဲ့ပတ်ဝန်းကျင်ကနေ၊ အတွေ့အကြုံကြွယ်ဝသူတွေဆီကလည်း သင်ယူရမှာဖြစ်ပါတယ်။ တစ်ခါတပည့်ခံဖူးရင် အခါတစ်ရာ ဆရာလုပ်လို့ရတယ်ဆိုတာ မမေ့စေချင်ပါဘူး။ လက်ရှိကျွန်တ်ာတို့တွေ တွေ့နေရတာကတော့ HR Manager ရယ်လို့ ခန့်အပ်တာဝန်ပေးပြီးသွားတာနဲ့ ဘယ်ကနေစပြီး ဘာလုပ်ရမယ်ဆိုတာ မသိတဲ့လူငယ်တချို့ကို တွေ့နေရပါတယ်။ သူတို့ဟာ အများအားဖြင့် သီအိုရီကို ထုံးလိုချေ၊ ရေလိုနှောက် တတ်ကျွမ်းကြတယ်။ ဒါပေမဲ့ သင်ယူခဲ့တဲ့ပညာရပ်တွေကို လက်တွေ့လုပ်ငန်းခွင်ထဲမှာ အသုံးချဖို့ကျတော့ အတွေ့အကြုံနည်းပါးတာရယ်၊ သင်ယူလေ့လာမှုအားနည်းတာရယ် ဆိုတဲ့အချက်တွေကြောင့် အခက်တွေ့နေရကြတာကို တွေ့ရပါတယ်။
ကျွန်တော်တို့ရဲ့ ဆရာတစ်ယောက်ပြောဖူးပါတယ်။ သူ့တပည့်တစ်ယောက်ကို သူကိုယ်တိုင် HR Manager Post အတွက် Interview လုပ်ဖူးပါတယ်တဲ့။ အင်တာဗျူးမှာ အဲဒီလူငယ်က လုပ်ငန်းရှင်ကို HR နဲ့ ပတ်သက်တဲ့ သီအိုရီတွေကို ရွှန်းရွှန်းဝေအောင် ပြောသွားနိုင်လို့ လုပ်ငန်းရှင်က အရမ်းသဘောကျပြီး သူတောင်းဆိုတဲ့လစာနဲ့ HR မန်နေဂျာ ခန့်လိုက်ပါတယ်တဲ့။ အလုပ်စဝင်ပြီး တစ်လလောက်ကြာတဲ့အခါမှာ အဲဒီလူငယ်က ကျွန်တော့ဆရာဆီ ဖုန်းလှမ်းဆက်ပါတယ်။ ဆရာ ကျွန်တော်ဘယ်ကစပြီး လုပ်ရမလဲတဲ့။
အဲဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တောတို့လူငယ်တွေဟာ သီအိုရီတွေအလွတ်ကျက် အာဂုံဆောင်ထားနိုင်ပေမဲ့ အသုံးချတဲ့ဘက်တွေမှာ အားနည်းနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လုငယ်တွေကို မင်းတို့ညံ့တယ်လို့ အပြစ်တင်လိုက်ရုံနဲ့ သူတို့တွေတော်လာမှာ မဟုတ်ပါဘူး။ သူတို့တွေ ညံ့တယ်လို့ပြောရင် အဲဒီလို ညံ့တဲ့အကြောင်းအရင်းထဲမှာ ကျွန်တော်တို့လူကြီးတွေပါတယ် ဆိုတာ မမေ့စေချင်ပါဘူး။ လူငယ်တွေမတတ်သေးရင် သင်ပေးဖို့၊ နားမလည်ရင် ရှင်းပြဖို့က ကျွန်တော်တို့လူကြီးတွေရဲ့တာဝန်ပါ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ၊ အခက်အခဲဖြေရှင်းပုံတွေ၊ ပြသနာဖြေရှင်းပုံတွေကို သူတို့ကို မျှဝေပေးခဲ့မယ်ဆိုရင် သူတို့ရဲ့စွမ်းဆောင်ရည်တွေ တိုးတက်လာမှာဖြစ်ပါတယ်။ 

Credit
Editor - TYO

No comments: